သူငယ်ချင်များအားလုံးကိုကြိုဆိုပါတယ်။

Search This Blog

ကျွန်တော်မင်္ဂလာဆောင်ဗီဒီယို

Sunday, December 6, 2009

သမီးလေးဖတ်ဖို.(၂၅)

သမီးလေး။ သမီးလေးကို ဖေဖေ လမ်းထိပ်က ခွေးမကြီး အကြောင်း ပြောပြရဦးမယ်။ ခွေးမကြီးကတော့ အခု မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ (၂)ရက်က ကားတိုက်လို့သေသွားပါပြီ။ ခွေးမကြီးကို ဖေဖေတို့ လမ်းလေးထဲမှာ လူတွေ တော်တော်ကြောက်ကြတယ် သမီးလေး။ အဲဒီခွေးမကြီး အကိုက်ခံရတဲ့ သူတွေက ဒီရပ်ကွက်ထဲမှာ တော်တော်များတယ် သမီးလေး။ ခွေးမကြီးကကိုက်တော့ လူတွေက ဒီခွေးမကြီးနား ရောက်ရင် တော်တော် သတိထားကြတယ်။ သတိနဲ့သွားကြတယ်။ အဲဒါကို အကိုက်ခံရတဲ့သူက မနည်းဘူး။ ဖေဖေလည်း သမီးလေးနဲ့သွားရင် ခွေးမကြီးကို သတိထားနေရတယ်။ ခွေးမကြီးရဲ့ ကလေးတွေကို အစာကျွေးချင်တဲ့သူတွေဟာ ခွေးမကြီးကို ကြောက်ကြတာနဲ့ သူ့သားသမီးလေးတွေကို ဘယ်သူမှ အစာမကျွေးရဲဘူး သမီးလေး။ သေသွားတဲ့ ခွေးမကြီး ဒီလမ်းလေးထဲကို ဘယ်လိုရောက်လာတာလဲ ဆိုတာ ဒီလမ်းလေးထဲမှာ နေတဲ့သူတွေ ဘယ်သူမှ အတိအကျမသိဘူးသမီးလေး။ ခွေးလေခွေးလင့် သဘောမျိုးပဲ လူတွေက ပြောကြတယ်။ အမဲပစ်တဲ့သူတွေ ဆေးသုတ်ပြီး အမဲပစ်ကြပေမယ့် ဒီခွေးမကြီးက အဲဒီ အမဲတုန်းကြီးကို ဘယ်တော့မှ မစားဘူးသမီးလေး။ တခြားခွေးတွေသာ အမဲတုန်းမိပြီး သေချင်သေသွားမယ်။ ခွေးမကြီးကတော့ ဘယ်တော့မှ အမဲမမိဘူး။ သူ့ဘာသူ သေချင်တော့လည်း လမ်းလေးထဲကို လာတဲ့ Taxi ကား တိုက်တာနဲ့ကို ပွဲချင်းပြီးသွားတယ်။ ခွေးမကြီးသေသွားတော့မှ သူ့ရဲ့ခွေးသားလေးတွေလည်း အပြင်ကို ထွက်လာကြတယ်။ အဲဒီကျမှ ခွေးလေးတွေလည်း အစာကို လွတ်လွတ်လပ်လပ် စားကြတယ်။ အစာကျွေးတဲ့သူတွေလည်း ခွေးမကြီးသေသွားမှ သူ့ကလေးတွေကို ရဲရဲတင်းတင်း အစာကျွေးရဲတယ်။ အနောက်ဘက်လမ်းက ကလေးလေးကို အဲဒီခွေးမကြီး ကိုက်လိုက်လို့ ကလေးရဲ့ မိသားစုဝင်တွေက ခွေးမကြီးကို သတ်မယ်ဖြတ်မယ်လို့ ကြိမ်းဝါး ခဲ့ကြတာကို ဖေဖေမှတ်မိသေးတယ် သမီးလေး။ အဲဒီအချိန်မှာ ခွေးမကြီး အကိုက်ခံရတဲ့ မိသားစုဝင်တွေ လိုက်ရှာကြတယ်။ ခွေးမကြီးက ကြက်ပျောက် ငှက်ပျောက်ကို ပျောက်နေကြတယ်။ ဘယ်လိုမှ ရှာလို့မတွေ့ဘူး။ နောက်ကြတော့လည်း အဲဒီခွေးမကြီးက ပြန်ရောက်လာတော့တာပဲ။ အရင်လိုပဲ လူတွေကို လစ်ရင်လစ်သလို လိုက်ကိုက်တယ်။ သူ့မျက်စိထဲမှာ အမြင်မရှင်းတဲ့သူကို ခွေးသဘာဝ အတိုင်း ဟောင်တော့တာပဲ။ ခွေးမကြီး ဟောင်ပြီ ဆိုရင် လမ်းထဲက လူတွေက ဘယ်သူမှ ဟန့်မတားရဲကြဘူး။ ဒီအတိုင်း ငြိမ်နားထောင်နေရတယ်။ ဟောင်တဲ့ အသံကြီးကလည်း စူးစူးဝါးဝါး။ ခွေးမကြီးက ခွေးသဘာဝ ပျောက်နေတဲ့ ခွေးမကြီးလို့ ပြောရမယ်သမီးလေး။ ခွေးမကြီးက လူတွေကို ဟောင်လည်းဟောင် ကိုက်လည်းကိုက်တော့ သူတို့ခွေးမိသားစုတွေကို လမ်းလေးထဲက လူတွေက ဘယ်သူမှ အစာမကျွေးရဲဘူး။ စားကြွင်း စားကျန် ကျွေးချင်တဲ့သူဆိုရင်တောင် လမ်းမမှာတွေ့တဲ့ခွေးကို ပန်းကန်ထဲထည့်ပြီး ကျွေးကြတယ်။ စားချင်တဲ့ခွေး လာစား သဘောမျိုး။ ဒါတောင်မှ အဲဒီခွေးမကြီးရန်ကို သူတို့ခွေးအချင်းချင်းတောင် ကြောက်ကြတယ်။ ပန်းကန်ထဲမှာ စားစရာရှိနေရင်တောင် ပြေးလွှားပြီး ဘယ်ခွေးမှ သွားမစားရဲကြဘူး။ အဲဒီကိုက်တတ်တဲ့ ခွေးမကြီး အခြေအနေကို ကြည့်ကြသေးတယ်။ အဲဒီခွေးမကြီး မရှိမှ တခြားခွေးတွေက အစာခွက်ထဲက အစာကို စားရဲကြတယ်။ ဒါတောင် ရဲရဲတင်းတင်း စားရဲကြတာ မဟုတ်သေးဘူး။ စားလိုက် ဘေးဘီကိုကြည့်လိုက်နဲ့ လုပ်ရသေးတယ် သမီးလေး။
ဒီလောက် သူများတကာကို ကိုက်ချင်၊ ဟောင်ချင်တဲ့ခွေးကို ရပ်ကွက်ထဲမှာ နေတဲ့သူတွေက ရှောင်ကြတာ။ ကြောက်ကြတာ သဘာဝပါသမီးလေး။ ခွေးအကိုက်ခံရရင် ပထမဆုံး ဆေးဝါးကုသရမယ်။ အလုပ်ပျက် အကိုင်ပျက်ဖြစ်မယ်။ နောက်ပြီး ငွေကုန်ကြေး ကျလည်း များဦးမယ်။ ဒါကြောင့်မို့ အဲဒီခွေးမကြီး အကိုက်ခံရမှာကို ကြောက်ကြတာပါ သမီးလေး။ ခွေးမကြီးကလည်း လူတွေကို ကိုက်ဖို့ပဲ ချောင်းနေတော့ လူတွေဘက်က ကြောက်ကြတာလည်း မလွန်ဘူး မဟုတ်လား သမီးလေး။ ဖေဖေလည်း ခွေးအတော် များများကို တွေ့ခဲ့ဖူးတယ်။ ဒီလောက် ကိုက်တတ်တဲ့ခွေးကိုတော့ မတွေ့ဘူးဖူး သမီးလေး။ ဖေဖေ့သမီးလေးက ခွေးချစ်တတ်တော့ ဖေဖေလည်း တော်တော်ကို သမီးလေးကို ဂရုစိုက်ရတယ်။ သမီးလေးက ခွေးမြင်ရင် ခေါင်းကို ပွတ်သပ်။ ခွေးလေးတွေကို ချစ်တတ်တဲ့စိတ်ရှိတော့ သမီးလေး ခွေးကိုက်ခံရမှာကို ဖေဖေနဲ့မေမေက သတိထားနေရတယ်။
ခွေးမကြီး မရှိတော့တဲ့ နောက်ပိုင်းမှာ သူ့ကလေးတွေလည်း ကျွေးမယ့်မွေးမယ့်သူတွေ ပေါလာတော့တယ် သမီးလေး။ ခွေးလေးတွေကို အစာကျွေးတဲ့သူတွေက ဝိုင်းဝိုင်းကိုလည်လို့။ ခွေးလေးတွေ အစာစားနေတာကို လာကြည့်တဲ့ လမ်းထဲက ကလေးတွေ၊ တခြားလမ်းက ကလေးတွေ အများကြီး။ ဟယ်။ ဟိုခွေးလေးက ချစ်စရာလေးတွေနော်။ ဟိုခွေးလေးက အဖြူလေး။ ဟယ် အထီးက ဘယ်နှစ်ကောင်။ အမက ဘယ်နှစ်ကောင်ပဲ။ ခွေးလေးတွေကိုကြည့်ပြီး ကလေးတွေက သူတို့အချင်းချင်း ပြောနေကြတာ။ သူတို့ခွေးအမေကြီး ရှိတုန်းကဆို ဒီခွေးပေါက်လေးတွေကို ဘယ်သူမှ သေသေချာချာ မမြင်ဘူးကြဘူး။ ရဲရဲဝံ့ဝံ့တောင် ဘယ်သူမှ ခွေးတွေကို မကြည့်ရဲကြဘူး။ ခွေးမကြီး မိသားစုရှိတဲ့ နေရာနားက ဖြတ်လျှောက်တဲ့ သူတွေဟာ စိုးရိမ်ထိတ်လန့်စွာနဲ့ သွားခဲ့ကြရတာပါ သမီးလေး။ အခုမှပဲ အားလုံးက ခွေးမကြီးသေသွားတော့မှ သူ့သားသမီးတွေကို သေသေချာချာ ကြည့်ရဲကြတယ်။ သေသွားတဲ့ ခွေးမကြီးရဲ့ သားသမီးခွေးလေးတွေ အထီးဘယ်နှစ်ကောင်၊ အမဘယ်နှစ်ကောင် ဆိုတာကို ကွဲကွဲပြားပြား သိကြတော့တယ်။ ဒါတောင်မှ ဒီခွေးလေးတွေ ကြီးလာရင် သူ့အမေကြီးလို သူများတွေကို ဘယ်အကောင်က ဘယ်လို လိုက်ကိုက်မယ် ဆိုတာကို ကြိုပြီး နိမိတ်ဖတ်တဲ့သူက ဖတ်ကြ။ ဝေဖန်တဲ့သူက ဝေဖန်ကြနဲ့။ ခွေးလေးတွေကတော့ မျက်စိသူငယ်နားသူနယ်နဲ့ ပြောတဲ့သူတွေကို ကြည့်နေကြတယ်သမီးလေး။ အွန်လိုင်း-ဝဏ္ဏ

No comments:

Post a Comment